Eco Travel

“Bago Yoma Eco resort ကို သွားလည်ပြီး ပြန်လာတော့ review ရေးပါဦး” လို့ မမမွန် ကပြောရှာတယ်။ မမမွန်ကို “ဟုတ်ကဲ့” လို့ ပြောထားလို့ အကြွေးတခုဆပ်တဲ့ အနေနဲ့ ခု စာကိုရေးပါတယ်။ သွားတာက ၂၀၁၉၊စက်တင်ဘာလတုန်းကပါ။

ဒီခရီးစဥ်ဟာ အများသူငါသွားလေ့ရှိတဲ့ ထူးမခြားနား ခရီးစဥ်ဖြစ်တာမို့ ခရီးစဥ်အစ အဆုံးအကြောင်း ပဲခူးရိုးမရဲ့ ဘယ်နေရာမှာ ဘယ်လို ဓါတ်ပုံရိုက်လို့ ကောင်းကြောင်းတွေကို blogger တယောက်လည်းမဟုတ်လို့ ရေးဖို့စိတ်ကူးမရှိပေမယ့် Bago Yoma Eco Resort အကြောင်း ကိုယ် လေ့လာခဲ့ရသလောက်လေး ပြန်ရေးပြချင်တယ်။

-ကိုယ့်အလုပ်က လုပ်ဖော်ကိုင်ဖက် နိူင်ငံခြားသူတွေနဲ့ စက်တင်ဘာလမှာတုန်းက ပြည်အကျော် ပေါက်ခေါင်းဘက်ကို သောကြာညနေထွက် သောကြာညသန်းခေါင်မှာ resort ကို အရောက်သွားခဲ့တယ်။

Resort တခုလုံးကို ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ထားတယ်။ အရမ်းခမ်းနားလွန်းလှပါတယ်။ တကယ့်ကို teak palace ဆိုသလိုပါပဲ။ ကိုယ့်အတွေးနဲ့ ကိုယ် ပြောရမယ်ဆို ကျွန်းသစ်တွေကို အလွန်အမင်း ဖြုန်းထားသလို ခံစားရလို့ လှလိုက်တာဆိုပြီး သဘောကျပေမယ့် ကိုယ့်ကို resort က သိပ်မစွဲဆောင်လှပါဘူး။

ညဘက်ရောက်တော့ ကိုယ့်အခန်းဖော်အပါအဝင် ကိုယ်တွေဟာ ဟိုတယ် စားသောက်ဆိုင်နေရာကနေ တော်တော်နဲ့ မထသေးဘဲ စကားတွေပြောကြတယ်၊ ကိုယ်က ၁၁:၃၀ ထိပဲ မျက်လုံးကခံတော့ သူမပါဘဲ ဝေးလွန်းတဲ့ ဟိုတယ်ခန်းနားထိလည်း မသွားရဲ, အိပ်ကလည်း အိပ်ချင် ဆိုတော့ စောင့်ရမလို, သွားအိပ်ရမလိုတွေ ဖြစ်ပြီး နောက်ဆုံးတော့ အရဲတင်းပြီး “ငါအရင်သွားအိပ်နှင့်ပြီ goodnight” ပြောပြီး နှုတ်ဆက်ကြတယ်။ ကိုယ်တွေ ဗမာပြည်က လူချင်းဆို တယောက်တည်း ပြန်မယ့် ကိုယ်နဲ့ ပြန်လိုက်မယ့်လူ တယောက်တော့ ရှိမှာပဲဆိုတာလေး တွေးမိတယ်။

ဟိုတယ်က ဝန်ထမ်းတွေကို ဟိုတယ်ခန်းထိ လိုက်ပို့ပေးပါ ပြောရင်တော့ ကူညီကြမှာအမှန်ပါပဲ။ ဒါပေမယ့် အရဲစွန့်ပြီး ဟိုတယ်အခန်းတွေဆီ တဦးတည်း ပြန်ခဲ့တယ်။

ညသန်းခေါင်ချိန် ပဲခူးရိုးမ တောနက်ကြီးထဲက တနေရာမှာ ငါတယောက်တည်း လမ်းလျှောက်ဖူးပြီဆိုပြီး အခန်းထဲရောက်လို့ အိပ်တော့လည်း တောနက်ကြီးထဲမှာ ငါတယောက်တည်း အိပ်ရခြင်းဆိုတဲ့ စိတ်နဲ့ ပျော်ခဲ့တယ်။
နေရာက သန့်တော့ ကိုယ် ဟိုတယ်ခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ထိတ်လန့်တာတွေမရှိဘဲ လုံခြုံတယ်လို့ ခံစားရတာတော့ သတိထားမိတယ်။ ဒီကိစ္စကို ဒီခရီးစဥ်မှာ ကိုယ် အမှတ်တရဖြစ်လို့ ထည့်ရေးတာပါ။

ဒီနေရာရောက်ဖို့ ရွှံ့လူး ဗွက်ပေသွားခဲ့ကြတာ

-ကိုယ်တို့ အသွားအပြန် ၄၅ မိနစ်လောက် လမ်းလျှောက်ပြီး သက်တမ်း နှစ်တရာရှိတဲ့ ကျွန်းစိုက်ခင်းသွားလည်ကြတယ်။ မိုးတွင်းမကုန်တကုန်မို့ ဘယ်လျှောက်လျှောက် ရွှံ့တွေကြားထဲဖြတ်ခဲ့ရတာကလည်း အမှတ်တရတခုပါပဲ။ ကိုယ်ဟာ ရွံ့ကိုမရွံပါဘူး။ ချစ်တောင်ချစ်သေး။

နှစ်တစ်ရာ ကျွန်းစိုက်ခင်းသို့သွားတဲ့ လမ်းတနေရာ

ကျွန်းစိုက်ခင်းကို ကျော်လွန်ပြီး ဟိုးအတွင်းထိသွားမယ်ဆို ၈မိုင်လောက်လျှောက်ရင်ရောက်မယ့်ရွာရှိပါတယ်တဲ့။ အဲ့ရွာက ရွာသား တောနက်ထဲက ကလေးရော လူကြီးတွေရောဟာ အဲ့ရွာကနေ ကိုယ်တွေ ခုရောက်နေတဲ့ နေရာ ပဲခူးရိုးမထဲလာမယ်ဆို လမ်းလျှောက်တာကိုပဲ အဓိက အားကိုးကြပါတယ်တဲ့။ ကျောင်းတတ်လည်း အဲ့လိုပါပဲတဲ့။ ဆိုင်ကယ်တောင် အသုံးမပြုကြပါဘူးတဲ့။

ကိုယ်ကတော့ ကာဘွန်လျော့ချရေးသမားဆိုတော့ ဒီလို ရှေးဓလေ့လေးကို ကျင့်သုံးနေဆဲဖြစ်တဲ့ ရွာလေးတွေ ရှိနေသေးတာကို ကြားရတာ ဝမ်းသာမဆုံးပါဘူး။ အခွင့်ရရင် သွားလည်ချင်ပါတယ်။ “သူ မလျှောက်ရတိုင်း ငါတို့ လျှောက်တာကို လာဝမ်းသာနေတယ်” ထင်လေကြလေမလား။ လမ်းလျှောက်နေရတဲ့ဘဝကို မောပမ်းစိတ်ညစ်နေရှာမလား။ လမ်းလျှောက် ကျင့်သားရပြီ လမ်းလျှောက်သာ ကောင်းတယ် ဆိုတာကိုပဲ နားလည်နေလေမလား ကိုတော့ ကိုယ်လည်း မတွေးတတ်ပါဘူး။

ကျွန်းစိုက်ခင်းက အပြန် ကိုယ့်ခြေထောက်နဲ့ ဖိနပ်အခြေအနေ

-Resort မှာ တည်းတုန်းရော, အပြင်မှာစားစဥ်ရော ကိုယ်တို့တွေ ဟာ Eco trip လာတာဖြစ်တာကြောင့်ရော, သက်သတ်လွတ်စားတာ ကျင့်သားရနေပြီဖြစ်ကြသူတွေလည်း ဖြစ်တာမို့ သားငါးတွေမစားဘဲ ရှောင်ခဲ့ကြတယ်။ အထူးသဖြင့်တော့ တောကောင်လေးတွေကို စောင့်ရှောက်ချင်တာမို့ တောကောင်သားတွေကို မစားဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။
တောဝက်, ဆိတ်သား, ဆက်သားဖုတ်တွေ မစားဘဲ ခြံထွက်ဟင်းသီးဟင်းရွက်ကြော်တွေ, သတ်သတ်လွတ်ခေါက်ဆွဲပြုတ်, ပုဇွန်ခြောက်မပါတဲ့ လက်ဖက်သုတ် စသဖြင့် မှာစားခဲ့ကြတယ်။

တခုတော့ ဝန်ခံပါတယ်။ တနင်္ဂနွေနေ့ နေ့လည်စာမှာ သတ်သက်လွတ်ပဲ စားမယ်ပြောပေမယ့် ရွာထဲက ထမင်းဆိုင်က ဝက်သား, ကြက်သား,ဆိတ်သားတွေကိုပါ ထမင်းဝိုင်းမှာ ချထားပေးလို့ ကိုယ်ရယ် နောက်နှစ်ယောက်ရယ် တစ်ယောက်ကို တောဝက်သား တစ်တုံးနှုန်းစီ ထည့် စားခဲ့မိကြပါတယ်။ ကိုယ့်ရှေ့မှာတွေ့ရင် စားကြည့်ဦးမယ်ဆိုတာမျိုး စိတ်မနိူင်တဲ့ အကျင့်ကိုတော့ သေချာလေးပြင်ရပါဦးမယ်။

ကိုယ်တွေရယ် ဒေသခံတွေရယ် ခုပုံမှာတော့ ဝေးဝေး၊ အချိန် နည်းနည်း ကြာလာတော့ နီးနီးလေးဖြစ်ကြပြီး စကားတွေပြော ဓါတ်ပုံတူတူတွဲရိုက်တာတွေဖြစ်ကုန်ကြပါတော့တယ်။
ညနေဘက် နေဝင်ချိန်ကြည့်ဖို့အသွား ဖြတ်ခဲ့ရတဲ့
ဟိုတယ်နောက်နားက စိုက်ပျိုးခင်း

-Resort ရဲ့ ဟိုးအနောက်ဘက်ထဲမှာ resort မှာ သုံးဖို့ organic စိုက်ခင်းရှိတယ်။ အဲ့ဒီက ရတဲ့ သီးနှံတွေကို resort မှာ ချက်ပြုတ်ပါတယ်။ ဒါကြောင့် အသီးအရွက်ကြော်တွေဟာ လတ်ဆက်ပြီးစားကောင်းလှပါတယ်။

ဖီးကြမ်းဌက်ပျောသီးဟာလည်း အတော်လေးကောင်းလှပါတယ်။ သီးမွှေးသာ များသောအားဖြင့် စားဖူးလေ့ရှိတဲ့ ကိုယ့်လူတွေဟာ ပထမအကြိမ် ကျွေးတော့ ငြင်းကြပါတယ်။ အတင်းလည်းကျွေးရော ယူစားရင်းနဲ့ အရသာရှိလွန်းလို့ “ငါ နောက်တလုံးထပ်ယူမယ်” တွေ ဘာတွေ ဖြစ်ကုန်ကြပါတယ်။

-Resort မှာ mini zoo လေးရှိတာကို သူများတွေပျော်ပေမယ့် ကိုယ်တွေမပျော်ခဲ့ကြပါဘူး။ ဘာကြောင့် ဝက်ဝံလေးတွေကို ခုလိုထားတာလဲ ဟိုတယ်မန်နေဂျာအမကို မေးကြည့်ခါမှ အဖြေသိရပါတယ်။ တောထဲက မုဆိုးတွေ ရထားတာဖြစ်တာကို resort ပိုင်ရှင်က ဝယ်ထားတာပါတဲ့။ သူတို့ကို တောထဲပြန်လွှတ်ရင်လည်း တောနက်ထဲထိ မပြေးနိူင်ဘဲ မုဆိုးလက်ထဲပဲ ပြန်ရောက်ဦးမှာ စိုးရိမ်ရတာမို့ ခုလို စောင့်ရှောက်ထားတာပါ ဆိုတာကို သိရတော့မှ စိတ်ကျေနပ်ရပါတယ်။
zoo ထဲ တိရိစ္ဆာန်ပြထားလို့ “This is not really eco” တွေဘာတွေဖြစ်ကုန်တဲ့ ကိုယ့်ရဲ့ လူတွေကိုလည်း “သူတို့ ဒီလို ဒီအကြောင်းကြောင့် မွေးထားရတာပါ” ဆိုတာတွေ ရှင်းပြမှ သူတို့လည်း ကျေနပ်သွားပါတော့တယ်။
ကိုယ်သာမမေးရင် သိမှာမဟုတ်ဘူး။ တခြားလူတွေလည်း ကိုယ်တွေလို eco မဆန်ဘူးခံစားရပေမယ့် သူတို့မမေးဖြစ်ရင် Resort ကို အမြင်စောင်းမှာဆိုးတာမို့ ဒီ Mini zoo ဘာကြောင့်ဖြစ်လာရတယ်ဆိုတဲ့ story ကို အများမြင်ရအောင် ရေးထားပေးဖို့ အကြံတော့ ပေးခဲ့ပါတယ်။

-တနင်္ဂနွေနေ့မနက် resort ပိုင်ရှင်မွေးထားတဲ့ တောထဲက ဆင်စခန်းက ဆင်လေး နှစ်ကောင် resort လာလည်တော့လည်း မန်နေဂျာ အမက ရှင်းပြပါသေးတယ်။ ဒီကောင်လေးတွေဟာ ထိုင်းနိူင်ငံကို ရောင်းတော့မယ့် ကောင်လေးတွေကို တစ်ကောင်ကို တန်ဖိုး သိန်း သုံးရာကျော်ပေးပြီး ဝယ်ထားရတာပါတဲ့။ တောထဲမှာ အဲ့လို ဆင်လေးတွေဟာ တစ်ကောင်မဟုတ် တစ်ကောင် အရောင်းခံနေရရှာတာပါတဲ့။ အကောင်တိုင်းကိုလည်း မဝယ်နိူင်လေတော့ သူဌေးသူငယ်ချင်း တစုဟာ “ဒီတခါရောင်းတာကို ငါဝယ်မယ် နောက်တခါရောင်းတာ မင်းဝယ် ဟိုးနောက်တခါရောင်းတာ ဘယ်သူဝယ်အလှည့်” ဆိုတဲ့နည်းနဲ့ ကာကွယ်ပေးနေပေမယ့် သူတို့လည်း အမြဲမကာကွယ်နိူင်လို့ တဖက်နိူင်ငံတွေ ပါသွားတဲ့ ဆင်လေးတွေလည်း ရှိပါတယ်” တဲ့။

ပဲခူးရိုးမ Eco Resort က ဝယ်ထားတဲ့ ဆင်လေးတွေ resort ဆီကို ဆင်စခန်းမှ လာစဉ်

-mini zoo နဲ့ ဆင်လေးတွေအကြောင်း ကြားပြီးတဲ့ အခါမှာတော့ resort ပိုင်ရှင်ရဲ့ သူအလုပ်တွေရှိရာ ဒီတောကြီးထဲကို သူနိုင်သလောက် ပြန်ပေးဆပ်နေတဲ့ သူ့ရဲ့ စိတ်ထားကို စိတ်ထဲအတော်လေးကို ဂုဏ်ယူမိခဲ့ပါတယ်။ ဝန်ထမ်းတွေအပေါ်လည်း ဂရုစိုက်တတ်တယ်လို့ ကြားရလို့လည်း ဒီအချက်တွေ ကြားအပြီးမှာ ပိုင်ရှင်ရဲံ စိတ်ဓါတ်ကို လေးစားလို့စရောက်ခါစက “ကျွန်းသစ်တွေနဲ့ပဲ ဆောက်ထားလို့ သစ်တွေအလွန်အမင်းသုံးနေတယ်” ဆိုတဲ့ ခံစားချက်ကို ၁၀၀% မခံစားရတော့ပါဘူး။ ခုလိုမျိုး သူဌေးတွေရှိနေသေးတာ သိရလို့ အရမ်းလည်း ပီတိဖြစ်မိသွားပါတယ်။

-Resort ခန်းထဲ ရေသန့်ဗူးထားတာ, သွားပွတ်တံ, သွားတိုက်ဆေး, ဆပ်ပြာရည်, ခေါင်းလျှော်ရည် စတာတွေကို တခါသုံးလးတွေ တွေ့ခဲ့ရလို့ refill ဗူးလေးတွေနဲ့ ပြန်သုံးဖို့အကြံပေးခဲ့ပါတယ်။
အခန်းထဲမှာတော့ ရေးထားပါတယ် “သဘာဝပါတ်ဝန်းကျင်ကို အလေးထားသောအားဖြင့် ပလတ်စတစ်အသုံးပြုမှုကို လျော့ချနေပါသဖြင့် သုံးနေတဲ့ သွားပွတ်တံ လဲမယ်/ပစ်ဆိုမှသာ ဒီ ပန်းကန်ပြားထဲထည့်ပါ” ဆိုတာမျိုးရေးပြီး စကောဝိုင်းသေးလေး ခုံပေါ်တင်ထားတာမျိုးကိုတော့ သဘောကျပါတယ်။ ကိုယ့်အိမ်က ပါသွားတဲ့ သွားပွတ်တံကို စရောက်တဲ့ မနက်က အဲ့စာမဖတ်မိဘဲ ဇကောဝိုင်းလေးထဲထည့်ထားမိလို့ ပျောက်သွားတာကို ထူးဆန်းပြီး “Ella ရေ နင်ယူသေးလား” ဘာညာနဲ့ အခန်းဖော်ကို မေးတာတွေ ဘာတွေဖြစ်ပြီးကာမှ စာရေးထားတာ ဖတ်မိပါတယ်။ “အောင်မလေ ငါ့မှာလည်း နောက်ဆုံးတော့ တခါသုံး သွားပွတ်တံမသုံးချင်လို့ ယူလာတာ ခုတော့ သုံးရတာပဲ” ဆိုပြီး ကိုယ့်အဖြစ်ကိုယ်ကို ရီရပါသေးတယ်။

ရေသန့်ဗူး အခန်းထဲထားမယ့်အစား resortလာဖို့ လူတွေ booking လုပ်ကတည်းက ဒီ resort က eco resort ဖြစ်တာမို့ ကိုယ်ပိုင်ရေဘူးယူလာပေးပါ, ဒီမှာ refill လုပ်ပေးပါတယ် ဆိုတာကို အသိပေးတာမျိုး” Water Refill station တွေကိုလည်း resort ထဲက နေရာတွေမှာ ထားထားပေးဖို့၊

“သွားပွတ်တံ, သွားတိုက်ဆေးကိုလည်း မထားနဲ့၊ လူတွေကို အလိုမလိုက်နဲ့ အမ” လို့ ပြောတော့ “ညီမရယ် နိူင်ငံခြားသားတွေကတော့ နားလည်တယ်ညီမရေ။ အမလည်း ဒါတွေ သဘောပေါက်ပါတယ်။ ဒါပေမယ့် အမတို့က ဗမာတွေနဲ့ အလုပ်လုပ်ရတာလေ၊ ဗမာပြည်ကလူတွေက အဲ့ဒါတွေမထားရင် သဘောမကျဘူး နင်တို့ ဟိုတယ်က ဘာမှလည်း မရှိဘူးဆိုပြီး မလာဘဲနေကြမှာပေါ့”တဲ့ ရယ်ပြီး ပြောပါတယ်။

“ဒါဆိုလည်း အခန်းထဲမှာတော့ မထားပေးပါဘူး လိုအပ်ရင်တော့ reception မှာ မေးပြီး ယူလို့ရပါတယ်” ဆိုတာမျိုး ကြိုပြောထားဖို့ ဆိုတာတွေကိုတော့ ကိုယ်အကြံပေးနိူင်သလောက်လေး အကြံပေးခဲ့ပါတယ်။
ဒါ ခရီးသွားသူတိုင်း ဂရုပြုရမယ့် အချက်ပါနော်။ ခရီးသွားလို့ ဘာမှ မသယ်ဘဲ ဟိုတယ်မှာ ပေးတာ/ရှိတာ သုံးမယ် ဆိုတာမျိုး ခရီးမသွားကြဖို့ တိုက်တွန်းပါတယ်။

Bago Yoma Eco Resort က ဗမာပြည်သားပိုင်လည်းဖြစ်, ဝန်ထမ်းတွေကိုရော၊ ပဲခူးရိုးမတောကြီးအပေါ်ရော စေတနာပြည့်ဝတဲ့ Bago Yoma Eco Resort ကို အချိန်ရရင် သွားလည်သင့်ပါတယ်။

Resort က library ကိုသွားဖို့
တက်တဲ့ ကြောင်လိမ်လှေခါး

ဒါပါပဲ ကိုယ့်ရဲ့ Bago Yoma Eco Resort ကို သွားတုန်းက ကြုံခဲ့ရတဲ့ အဖြစ်တွေက။ စာရှည်ပေမယ့် ဖတ်ရသူတွေ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

၄၊ နိူဝင်ဘာ၊ ၂၀၁၉

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s